ပြောင်းမယ်၊မပြောင်းဘူးနဲ့ တနှစ်ကျော်အတွင်းမှာ ခဏခဏ၊စိတ်အပြောင်းအလဲဖြစ်ခဲ့တဲ့ ဒိုမိန်းအပြောင်းအလဲ
ကိစ္စက ခုတော့ပြောင်းဖြစ်သွားပြီဆိုပါတော့လေ။အထဲကသူငယ်ချင်းတချို့လဲ ရေးတလှည့်၊မရေးတလှည့်
ဘလော့ကို အလွယ်တကူလာလည်လို့ရသွားပြီ။ကျမအတွက်တော့ ထုံးစံအတိုင်း ကျော်ခွရစမြဲပါပဲ၊တကယ်လို့များ မကျော်ရဘဲနဲ့ ဘလော့စပေါ့တ်ကြီးဆီ ၀င်လို့ရမယ်ဆိုရင်တောင် ၀င်တတ်တော့မှာ မဟုတ်ဘူး။ တောသားမြို့ရောက်သလို ဖြစ်နေတော့မှာ...။ကိုမိုးလှိုင်ည ဒိုမိန်းပြောင်းသွားတာကို အားကျပြီး ကိုမင်းယွန်းသစ် အကူအညီနဲ့ ပြောင်းဖြစ်ခဲ့တာပါ။ကျေးဇူးပါ အကိုများ။
လောလောဆယ်ဆယ်မှာ ဘာစာမှမရေးနိုင်ဘဲ ၊တပေါင်းတန်ခူးလဲ မဟုတ်ပါပဲနဲ့ လူရော၊နှလုံးသားရော ခြောက်ခမ်းနေတယ်။တချို့လမ်းတွေကလဲ ဖုန်တထောင်းထောင်းထနေတယ်။သဲသဲကွဲကွဲမြင်ရလှတာ မဟုတ်ဘူး။ဖုန်တွေဝင်တဲ့အခါကလဲ ရှိသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ...ဘလော့ကိုရော၊စာရေးတာကိုရော ချစ်ခင်တွယ်တာပါတယ်။ပြောစရာတောင်မလို
ဘူးထင်တာပဲနော်။အကိုတွေ၊အမတွေ၊မိတ်ဆွေတွေဆီ အမြဲရောက်ဖြစ်တယ်။ဒါမယ့် ဘာဖြစ်တယ်မသိဘူးဗျာ။
အသံမထွက်ချင်တဲ့ အပျင်းရောဂါရနေတယ်။.....။
မှတ်ချက်။ ။ချစ်သော အကိုကြီး ကိုအောင်သာငယ့်အတွက်တဂ်ပိုစ့်လဲ ရေးပေးပါ့မယ်လို့ တလက်စထဲ တောင်းပန်လိုက်ပါရစေ အကိုကြီးရေ....။(ကိုယ့်တုန်းက အလိုက်ကမ်းဆိုးမသိ ရေးခိုင်းခဲ့တုန်းတာ...:D)
မိတ်ဆွေကြီးငယ်၊ရွယ်လတ် အားလုံးကို လေးစားခင်မင်လျက်...
မယ်ရာ-ဖိုးဒီဒေါ့နတ်
by mirror at 11/10/2009 09:05:00 PM 5 comments
labels အလာပ၊သလာပ
လရောင်တစ်ခြမ်း ပန်းနေကြာ (မင်းချမ်းမွန်)
ကဗျာကို ကဗျာလိုပဲဖတ်ပါ၊ခံစားပါ ဆိုတဲ့ ကဗျာဆရာတွေပြောလေ့ရှိတဲ့စကားတခွန်းကို နားလည်ဖို့
လတ်တလောသက်ဝင်ယုံကြည်နေမိတာက ကဗျာဆိုတာ ခံစားသူ့ နှလုံးအိမ်ကို ထိခလုတ်၊ပါးခလုတ်လေး ဖြစ်စေဦးမှ။
နားလည်အောင်ရေးတာ၊နားမလည်အောင်ရေးတာကဗျာဆရာရဲ့ ရူးသွပ်ယုံကြည်ရာဖြစ်တဲ့အတွက်ကဗျာဆရာသည် ဘာကိုဆိုလိုချင်တာပါလိမ့်လို့ လိုက်လံစဉ်းစားနေစရာမလို...။ကဗျာရေးသူက သူ့ဝေဒနာကို သူ့အခင်းအကျင်းနဲ့သူပြတယ်။ ကဗျာဖတ်သူက ကဗျာဆရာရဲ့ဝေဒနာကို ကိုယ့်အနာနဲ့စားခံစားဖို့ပဲ လိုတယ်။
ခု....
ဆရာမင်းချမ်းမွန်ရဲ့ ကဗျာတပုဒ်၊ကျမနှလုံးသားကို ထိခလုတ်၊ပါးခလုတ်ဖြစ်စေလို့ ခင်ဗျားတို့အတွက်လည်းမျှလိုက်ပါတယ်။
တည့်ရင် ရင်ဘတ်ထဲထိ ထည့်လိုက်ဖို့
လရောင်တစ်ခြမ်း ပန်းနေကြာ
ဓူဝံကြယ်မြောက်အရပ်မှာရှိသလိုပဲ
မြို့တော်ရဲ့ မြောက်စူးစူးတစ်နေရာမှာ
သီရိမင်္ဂင်္လာရွှေဘုံဦးဆိုတဲ့
အ၀ါ
သာသာနာရောင်တွေနဲ့ မြူးလွင့်ပျံ့
ဆည်းလည်းသံလွင်လွင်လေးတွေနဲ့ တောက်ပ
ပဋိရူပ
အေးမြတဲ့အရိပ်အာဝါသလေးတစ်ခု ရှိပါတယ်။
ဒီလို
သာယာလှပ
မွှေးမြတဲ့နေရာလေးရှိတာကို
လူတွေများများစားစား မသိကြပါဘူး
နေပါစေ
မသိလည်းကိစ္စမရှိ
သတိကို မြို့ပြသိလို့
သိကြသူတွေ လာလိမ့်မယ်။
ဒါဟာ
အမျိုးဘာသာ၊သာသနာနဲ့ ဝံဿာနုရက္ခိတ
ပရဟိတ
ပညာဒါနတွေ ဖြန့်ဝေရာ မဟုတ်လား။
မိုနေးရဲ့ ပန်းရောင်နှုင်းနဲ့
ဗန်ဂိုးရဲ့ နေကြာက
ကင်းဗတ်စပေါ်မှာ ပွင့်တယ်၊
ဂေါ်ဂင်ရဲ့ အ၀ါနဲ့
ဟောဒီ ရွှေဘုံဦးနေကြာတွေက
ပညာရှိရာ
နေရှိရာဘက် မျက်နှာလှည့်
ဝင်းမှည့်တဲ့ အားမာန်အလင်းတွေနဲ့
မနက်ခင်းရဲ့
အဖြူရောင်လေညင်းမှာ ပွင့်ကြတယ်
ရဲရင့်တက်ကြွရနံ့တွေနဲ့
တင့်တယ်ခမ်းနားပါပေရဲ့...။
အဲ့ဒိဝန်းကျင်မှာ
စပါးပင်နဲ့ သစ်ပင်တွေဝန်းရံလို့
အပင်တွေရှင်သန်ဖို့ ဓာတ်မြေသြဇာလိုအပ်သလို
လူတွေမှာ
စိတ်အာဟာရ(သို့မဟုတ်)...
အရသာတစ်ခုခု လိုအပ်တယ်။
နေရောင်ပူပူမှာ
ဘယ်သူမှ မကူးခတ်ချင်ဘူး
ကျေးငှက်တွေလို
လွတ်လပ်စွာ ပျံမြူးချင်ကြလိမ့်မယ်။
ကျောပေါ်မှာ တငွေ့ငွေ့လောင်နေတဲ့
နေရောင်ကို လက်နဲ့သပ်ချဖို့
သူတို့စာဖတ်နေကြတဲ့ အသံတွေ
အခက်အခဲတွေကို ပက်ထုတ်
ပညာကို
ယက်သဲ့ကျင်ယူနေကြတဲ့ ဟန်တွေက
အားမာန်တွေနဲ့ တဖျတ်ဖျတ်
သူတို့....ဓားတောင်ကိုလှော်ခတ်လို့
မီးပင်လယ်ကို ကျော်ဖြတ်နေကြတယ်။
ဟိုးဖက်ကမ်းမှာ
နမ်းစရာ
ပညာပန်းတွေရှိတယ် မဟုတ်လား။
ပညာပဒီပေါ၊ ဣဓအဓိပဇ္ဇောတော
လောက၌ ပညာဆီမီးသည် အတောက်ပဆုံး ၊
ပညာသမ္မာ အာဘာနတ္တိ၊
ပညာနှင့်တူသော အလင်းရောင်မရှိ
ပညာရွှေအိုး လူမခိုး...တဲ့လား
တန်ဖိုးကတော့ ကြီးမားပါပေရဲ့။
ဒီယနေ့ E ခေတ်မှာ
ပညာရဲ့ အခန်းကဏ္ဍ၊ပဓာနကျလာတယ်
ညာနေလို့ မရဘူး
ညံ့နေလို့မရဘူး
ညည်းနေလို့ မရဘူး
ပညာမတတ်ရင် လူရာမ၀င်နိုင်ဘူး။
ချစ်သားတို့ အတတ်ပညာသင်ကုန်လော့
အဘယ်ကြောင့် ပျင်းရိဘိသနည်း
ချစ်သားတို့ နေ့တိုင်းအတတ်ပညာသင်ကုန်လော့
အတတ်ပညာမရှိသောသူသည်
သူ၏၀န်ထမ်းဖြစ်တတ်၏
အတတ်ပညာရှိသောသူကို
သူတစ်ပါးတို့ ပူဇော်အပ်၏...တဲ့
လောကနီတိကျမ်းက
နေကြာပန်းတွေကို လှမ်းအသိပေးတယ်။
ပညာရဲ့ အမြစ်တွေက ခါးသက်ပေမယ့်
အသီးကတော့ ချိုမြိန်တယ်လို့
အရစ္စတိုတယ်က လှမ်းပြောတယ်
အာဖရိကကြယ်ပြာကြီး
နယ်ဆင်မင်ဒဲလားကလည်း
ပညာရေးဟာ
ကမ္ဘာကြီးကိုပြောင်းလဲပစ်နိုင်တဲ့
အစွမ်းထက်ဆုံးလက်နက်ပဲ ....တဲ့။
တကယ်တော့
ပညာရေးဆိုတာ
လူတိုင်းရဲ့ ရပိုင်ခွင့်ပါ
ယောက်ျားမိန်းမ၊ကလေး ဘယ်သူမဆို
ကမ္ဘာ့ဘယ်နေရာမှာ နေနေ
အားလုံးရရှိသင့်တဲ့ အခွင့်အရေးပဲ
အဲ့ဒီလို....
ယူနက်စကိုကလည်း ကျားကန်အားပေးခဲ့။
ဒါပေမယ့်
လူတိုင်းအတွက် ပညာရေး
နေပူလမ်းဟာ ထွက်ပြေးနေတယ်။
ဘယ်လိုမှ လိုက်လို့မမှီဘူး
ဆန်ပေးမှ ဆီရမယ့်ပုံမျိုး
လှေမရှိဘဲ
မြစ်ကိုဘယ်လိုဖြတ်မလဲ
တက်မရှိရင် လက်နဲ့လှော်လို့ရသေးတယ်။
နေပူပူမှာ
ငူငူကြီးရပ်နေလို့ ဖြစ်မလား
ဘယ်သူလာကူပါ့မလဲ။
တချို့က
စိတ်ကူးသစ်နဲ့ စာနာသနား
နေရောင်ကို ကြွေအောင်မျှားသလို
မြစ်ကို တံတားထိုးကြတယ်
အတ္တကိုရှေ့တန်းမတင်ကြဘူး
လောကကို အလှဆင်ကြတယ်။
ဗားတော့ဗရက်ရဲ့ ကဗျာထဲကလို
နှင်းတွေသိပ်သိပ်သည်းသည်းထူထူထပ်ထပ်ကျနေရင်
ပဲကလေးတွေ အညှောင့်မပေါက်နိုင်မှာကို တွေးပူပြီး
လဲသူကိုထူ၊ငူသူကို မတ်စေတယ်
ရပ်သူကိုဖေး ကိုယ်ငွေ့ပေးတယ်
ငါးကလေးတွေ ရေမနစ်စေရဘူး။
လာ....
ဒီမှာ ရင်ငွေ့လှုံ
ပညာစုံအောင်သင်ကြမယ်
လရောင်တစ်ခြမ်းပဲရရ
ပန်းတစ်ပွင့်မှ မထစ်အ မကန်းစေရဘူး။
ဒီမှာ
ရှင်မဟာရဋ္ဌသာရ
သံဝရပျို့မှာ ရေးထားသလို
ကျောက်ရည်တိုးအောင်၊ သွေးသောယောင်သို့
စောင်စောင်မမ ဆုံးမတတ်စွာ
မြတ်ဆရာတွေနဲ့ စနစ်တကျ။
ဒီမှာ
သစ်ပင်ကို သစ်ပင်လိုမြင်အောင်သင်ကြား
သစ်ပင်ကို သစ်သားလိုမြင်တတ်တဲ့
အကြင်နာမဲ့ ခါးသက်နှလုံးသား
မျိုးမပွားစေရဘူး။
ရေစီးမှာ လရောင်ကောက်ရင်း
လောကဓံမြစ်ရိုးထဲ
တစ်ယောက်ကို တစ်ယောက်သယ်ပိုး
မုန့်ကြိုးလိမ်အမူအကျင့်ကို မုန်း
ဖြောင့်မှန်တဲ့
အဖြူရောင်နှလုံးသားပွေ့ဖက်မယ်။
မိုးလေတွေဘယ်လိုမွှေမွှေ၊မရွေ့တဲ့စိတ်နဲ့…
နှင်းခါးတွေကို ဘယ်လိုပုတ်ပုတ်၊မဆုတ်မယ့်စိတ်နဲ့….
လာ...
ရွှေဘုံဦးမှာ ပညာရွှေမှုန်တူးကြ
ဘ၀အနာဂတ်တောက်ပအောင် ရွှေချကြ
ပြီးတော့
ပင်လယ်ခေါင်ရေ၀ဲမှာ လှေကွဲလို့မှောက်သူချင်း
တစ်ယောက်ကိုတစ်ယောက် ဖေးကူစောင့်ရှောက်ကြ
တစ်ယောက်ကျောတစ်ယောက်
အလျားမှောက်တံတားခင်း
ဖြတ်သန်းခြင်းကို ဖြတ်သန်းကြ
စိန်ခေါ်ခြင်းကို စိန်ခေါ်ကြ
ဟိုးအမြင့်က ကြယ်တွေမှာ
သင်တို့နာမည်ရေးထိုးနိုင်အောင် ကြိုးစားကြ
ဦးနှောက်ခါးတောင်းကျိုက်ရင်း
အောင်စိတ်တွေနဲ့
အောင်ပွဲတွေကို ရိတ်သိမ်းကြ
အားလုံးငြိမ်းငြိမ်းချမ်းချမ်း
နေကြာပန်းလို မိုးလင်းမယ်။
ကွန်ပြူတာတဂျောက်ဂျောက်နှိပ်နေတဲ့
ခေတ်ကြီးရဲ့ မနက်ခင်း
ပြတင်းပေါက်က ချောင်းကြည့်လိုက်တော့
စက်မှုသိပ္ပံလောင်းရိပ်အောက်မှာ
အလိမ်အညာတွေနဲ့
ကမ္ဘာကြီး မလိမ္မာသေးဘူး
ဒါပေမယ့်
ဟောဒီ...ပြာလဲ့လဲ့မိုးကောင်းကင်အောက်မှာ
ပတ်ဝန်းကျင်လိမ်မာဖို့
သူတို့လိမ္မာဖို့
တစ်နေ့မှာ
လရောင်ကို ကြိုးချည်အိပ်ဖို့
ခမ်းခမ်းနားနား ပညာသင်ကြား
နေကြာပန်းများပွင့်နေတယ်။
မိတ်ဆွေတို့ရေ..
သူတို့အတွက် အရေးပေါ်လိုအပ်နေတာကလည်း
အမှားအမှန်ပိုင်းခြားဝေဖန်တတ်သော
"ပညာ..." ဆိုတဲ့
အသက်ကယ်ဆေးတစ်ခွက်ပဲ မဟုတ်လား။
မင်းချမ်းမွန်
(လေးထောင့်ကန်၊သီရိမင်္ဂလာရွှေဘုံဦးကျောင်း ပရဟိတပညာသင်တန်းသို့ အမှတ်တရ)
by mirror at 11/03/2009 11:01:00 AM 4 comments
labels ကဗျာ
အငိုသန်တဲ့၊စိတ်ကြီးတဲ့ကလေးရဲ့ အမေ
လွန်ခဲ့တဲ့ဆယ်စုနှစ် ၂ ခုကျော်ဆီတုန်းကဇနပုဒ်လေးတခုမှာ မျက်နှာဝိုင်းသလောက်အင်မတန်မှ အငိုသန်ပြီး
အရမ်းစိတ်ကြီးတဲ့ ကလေးတယောက်မွေးခဲ့တယ်။
တစ်လနဲ့ငါးရက်သမီးမှာ သူတို့အဖေက ပိုးထိတယ်။ဒီတော့ ဒီကလေးလေးက ခိုက်တယ်ပေါ့။
မွေးထဲက ငိုတာလဲအသည်းနဲ့မှ အသန်၊အငိုရပ်ဖို့ဆိုလဲ အင်မတန်ကြာပြီး စိတ်ကလဲ အင်မတန်ကြီးတယ်။
ဒါ ဒီကလေးမလေးခိုက်တာပေါ့။သူ့အမေက ငါ့သမီး တနင်္လာသမီးလေး၊သိပ်ထက်မြက်တာလို့သာ တွင်တွင်ပြောခဲ့..။
၂ နှစ်သမီးမှာ ကဲလွန်းလို့ ရင်ဘတ်တခုလုံးရေနွေးပူတွေလောင်တော့ လမိုက်ည၊သန်းခေါင်အချိန်ပေါ့။
အဖေက မနက်လင်းမှ ဆေးရုံသွားကြတာပေါ့။အမေက ငါ့သမီးလေးပူနေတာ၊ငါမကြည့်ရက်ဘူး။
ဘာမှ ငှက်ပျောပင်တွေ၊အုံးရည်တွေ လုပ်မနေနဲ့။ဆေးရုံသွားမယ်ဆိုပြီး သမီးကိုပွေ့ ညအမှောင်မှာ၊ကြယ်ရောင်ပဲ
အားကိုးပြီး ဆေးရုံသေးသေးလေးဆီကို အားကိုးတကြီးနဲ့ ပြေးခဲ့တာ။
အဲ့ဒိကလေးသုံးနှစ်ခွဲရောက်တော့ သူ့တို့အဖေကပိုးထိတဲ့ဝေဒနာနဲ့ပဲ ဆုံးပါးသွားခဲ့။အမေကအသက်လေးဆယ်။ သိပ်လှတာ။နဖူးလေးကဆို ၀ါဝါ၀င်းရွှေနဖူးကျမျိုးလေးနဲ့..။အဖေ့အမျိုးတွေကဒီမိန်းမ၊ကလေးကငါးယောက်၊ ကြွေးတွေက ပတ်လည်ဝိုင်းနေတာ၊နောက်လင်ထပ်ယူ ဦးမှာပဲ။ဒီလိုပဲ တွက်ထားခဲ့။အဖေ့အမျိုးတွေတွင်မဟုတ်။ အမေ့ အဒေါ်တွေကိုယ်တိုင်လဲပါခဲ့သေးတာပဲ။ အမေ့အဒေါ်နှစ်ယောက်ကလဲ ဆောင်းတွင်း၊လယ်တလင်းပြီးလို့ စကောနဲ့တလင်းပြန့်ပဲကျန်လဲ အကြွေးကတော့ နှစ်တိုင်း တွင်တွင်တောင်းမြဲ..။အမေက ရင်မကော့နိုင်ဘူး။ ခေါင်းငုံ့ပြီး တနေ့ အကျေပြန်ဆပ်ပါ့မယ်။တနေ့ အကျေပြန်ဆပ်ပါ့မယ်..နဲ့..။
အဲ့ဒိကလေးငါးနှစ်သမီးလောက်မှာ အမကြီး၊အကိုကြီးတွေနဲ့ထားခဲ့ပြီး ဟိုင်းကြီးကျွန်းကိုခရီးနှင်၊
ကိုယ့်ဆီက ထွက်တဲ့ မေမြို့ပန်းတွေကို အဲ့ကိုသယ်။အဲ့ဒိက ငါးပိ၊ငါးခြောက်တွေကို ဧရာဝတီကိုပြန်သယ်..။
ပြောရင်းက "ငါ့စိတ်တွေလေခဲ့တဲ့အချိန်တွေ ထင်ပါရဲ့ "လို့.....သူ့ကိုယ်သူမသေချာသလိုကလဲ လုပ်တတ်သေးတာ။အဲ့ဒိလို မသေချာသလိုလေး ကိုယ့်စိတ်ကိုယ်ဖန်တီးထားတတ်သေးတာ။အဲ့ဒါကတော့ အငိုသန်တဲ့ သူ့သမီးအငယ်ဆုံးလေးက တထေရာထဲ တူတယ်။
ငါးတန်းစာမေးပွဲတွေဖြေအပြီး နွေကျောင်းပိတ်တော့ နားပြည်ယိုတဲ့ရောဂါနဲ့ အလူးအလဲ။ပိုက်ဆံကမရှိ။
ရန်ကုန်လဲ မလာနိုင်၊ပုသိမ်မှာတွင်ပဲ မပြန်လာနိုင်တဲ့၊ဘယ်တော့ပြန်ရောက်မယ်မသိတဲ့ ဇာတိပြန်သွားတဲ့
ဆရာဝန်ကိုစောင့်နေကြတာ သားအမိလေးသုံးယောက်၊အကိုလုပ်သူက ငို၊အမေက အားပေးတယ်။
ဘယ်သူ့ကိုမှ မယုတ်မာဖူးဘူး။တို့မိသားစုကို ဘုရားကယ်မှာပါ။သမီး ပုတီးလေးစိပ်နေနော်။ဘုရားကု ခေါ်တယ်
သမီးရဲ့..။နောက်ဆုံးတော့ ကြွေးတွေထပ်တင်၊ရောဂါတော့ ပျောက်....။
အဲ့ဒိကလေးလေး ဆယ်ခြောက်နှစ်သမီး၊ဆယ်တန်းအောင်တော့ ပတ်ဝန်းကျင်ကလူတွေက ၀မ်းသာလိုက်တာ။
အမလေးဟဲ့..မုဆိုးမသမီးလေး၊အမလေးဟဲ့ မုဆိုးမသမီးလေးနဲ့...။ဒါမယ့် မုဆိုးမကြီးမှာသာ တိတ်တိတ်လေး ကြိတ်ကာငို...။
အရူးမကြီး မစောသိန်းဆိုတာ မြို့ဈေးထဲမှာရှိတယ်။မစောသိန်းမှာလဲ သမီးလေးတယောက်ရှိတယ်။သူ့သမီးလေး ငါးနှစ်၊ကျောင်းထားတဲ့ အရွယ်ရောက်တော့ ဈေးသူဈေးသားတွေက ကျောက်သင်ပုန်း၊ကျောက်တံတွေဝယ်၊ လွယ်အိတ်လေးဝယ်ပေးပြီးကျောင်းပို့တော့ အရူးမကြီးမစောသိန်းခမျာ သူ့သမီးလေးပျောက်လို့။ဒါမယ့် ဘယ်ရောက်နေမှန်းလဲ မသိရှာဘူး။ရူးနေတာကိုး။
ဒါနဲ့ပဲ သုံးလေးရက်ဆက်တိုက်ပျောက်နေတော့ လူတကာလိုက်မေးရင်း နင့်သမီးလေးကျောင်းသွားတာကိုး။
နင့်နားဘယ်ရှိမလဲဆိုတော့၊သူ့သမီးလေးပြန်လာရော အဲ့ဒိကျောက်သင်ပုန်း၊ကျောက်တံတွေကို ဆင်ကူး သံတံတားကြီးကနေ ချောင်းထဲသွားပစ်ချလိုက်တယ်တဲ့။ခုလဲ ငါ့မှာ အဲ့လိုလုပ်ရမလိုဖြစ်နေပြီ လို့....ပြောတာ
အမေ...။
ခု အဲ့ဒိကလေးလေး အသက်နှစ်ဆယ့်လေးနှစ်ပြည့်သွားပြီ။အမေ့ကို သူခွဲထားခဲ့တာ ရှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီ။
ဘယ်အအချိန်မှာ အဲ့ဒိကလေးနဲ့ သူ့အမေပြန်ဆုံနိုင်ပါမလဲ။သူ့အမေကလဲ ကျောက်သင်ပုန်း၊ကျောက်တံတွေ
လွှင့်မပစ်ရက်သလို..အငိုသန်တဲ့၊စိတ်ကြီးတဲ့ သူ့သမီးလေးကလဲ သူ့အမေအတွက် ဘာမှမဖန်တီးပေးနိုင်သေး..။
ဘ၀ဆိုတာရုန်းကန်ခြင်းတွေပဲ။မိသားစုဆိုတာ တဦးချင်း၊တယောက်ချင်းစီတွေနဲ့ ဖွဲ့စည်းထားတာ စသဖြင့်
ဒီလို နှုတ်ထွက်သီဝရီတွေကို ကဗျာထဲထည့်စပ်ဖို့သာ ရူးသွပ်နေတတ်တာ၊ကိုယ့်ခံစားမှုကို မိသားစုနဲ့အမေ့ရှေ့မှာ ဘာမထီလုပ်လုပ်ပြတတ်တာသူ့ အမေသာသိခဲ့ရင် ...ကျောက်သင်ပုန်း၊ကျောက်တံတွေ လွှင့်မပစ်ခဲ့တာများ နောင်တရနေမလား...။
အမေရေ...ခွဲခွာခြင်းက တချိန်မှာတယောက်အရိပ်၊တယောက် လုံလုံခြုံခြုံ ခိုဖို့။ အဲ့ဒိအရိပ်ဘယ်အချိန်မှာရောက်လာမယ်မှန်းမသိသေးလို့ နေပူထဲကစောင့်နေရင်း၊သားသမီးမွေးနေ့ကို မွေးလပဲ အနိုင်နိုင်မှတ်မိတတ်တဲ့၊မွေးနေ့ဆုတောင်းပေးတာတို့၊ဘာညာသာရကာတွေမလုပ်တတ်တဲ့ အမေ့ကိုလွမ်းလို့... ဒီလိုလေးပဲ အမှတ်တရစာရေးပြီး တေးမှတ်ထားလိုက်ပါတော့တယ် ။
by mirror at 10/25/2009 03:00:00 AM 14 comments
labels အလာပ၊သလာပ
မီးပုံးပျံလွှတ်ကြရအောင်
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
မီးစာဖိုး တတ်နိုင်မယ့်တနေ့မှာ...။
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
မပြောတဲ့လူသန်တွေ သန်လာမယ့်တနေ့မှာ..။
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
ဆယ်လမွန်ငါးတို့ ပြန်လာနိုင်မယ့်တနေ့မှာ..။
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
လှောင်အိမ်ထဲက ငှက်ကလေးတွေလွတ်မြောက်မယ့်တနေ့မှာ...။
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
နွားနို့ထဲကို ရေတွေရောရောပစ်တတ်လေသော
ဒီခေတ်ကြီး ဆိတ်သုဉ်းမယ့်တနေ့မှာ....။
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
by mirror at 10/01/2009 09:03:00 PM 18 comments
labels ကျမကဗျာ
